မရမ်းကုန်း ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒီမာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က “စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ အားကစားဖြင့် နိုင်ငံဂုဏ်ရည်မြှင့်တင်စို့” စသည့်ခေါင်းစဉ် (၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင် ယှဥ်ပြိုင်ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုး၊ အ-ထ-က(၁)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်လဲ့လဲ့ဝင်းနှင့် စာရေးဆရာ မြေလတ်ထင်ကျော်မိုးတို့က ဆုရွေးခြယ်ရေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုရရှိခဲ့ ကြသောကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းကိုကိုဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မိုးမိုး