တပ်ကုန်း သြဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေက အဖွင့်အမှာစကားပြောကြားပြီးနောက် ဦးစီးအရာရှိဦးခင်မောင်သိန်းက ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ဥပဒေ၊ အကြမ်းဖက်ခြင်းမတော်မတရားပြုမှုခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းစသည့် အသိပညာပေးအချက်အလက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းအချက်အလက်များမေးမြန်းခဲ့ပြီး၊ ပြန်လည်ဖြေကြားနိုင်သော ကျောင်းသား၊ ကျောင်းသူများကို ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိ သူများက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရပြီး၊ အဆိုပါကလေးသူငယ်အခွင့်အရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက်ဟောပြောဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
တင်စိုးလွင်