အလုံ သြဂုတ် ၁၅
လူငယ်များ အသိပညာ ဗဟုသုတများနှင့် ပြည့်စုံပြီး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ က အလုံမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာ အသိပညာပေး ဟောပြောပြီး အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးမင်းသန်းက လူငယ် နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်မြင့်မြင်အေး အားကစား ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ အားကစားအဖွဲ့များမှ ဝူရှူး၊ ခြင်းလုံး၊ Fitness Dance သရုပ်ပြသခြင်း တို့ကို ဆောင်ရွက်ကြရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေးက အားကစား သရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းနှင့် အလုံမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဆပ်ကော်မတီ၊ ရိုးရာခြင်းလုံးဥက္ကဋ္ဌ ဦးအောင်ထက်မှ ခြင်းလုံးကစားခြင်း တိုးတက် ပြန့်ပွားစေရန်အတွက် ခြင်းလုံးများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)