ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး မြို့နယ်အဆင့်အထိမ်းအမှတ် ကျင်းပ

မင်းပြား သြဂုတ် ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၃ ရက် ညနေက မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဗီဒီယိုပြသပြီး နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၏ ရက်သတ္တပတ်အဟာရဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အသက်(၆)လမှ (၂)နှစ် ကလေးအစာအဟာရချက်ပြုတ်ခြင်းပြိုင်ပွဲနှင့် ပြခန်းငယ်အား တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အသက်(၆)လမှ (၁၁)လ ကလေးပြိုင်ပွဲတွင် ဆုရရှိသော ကလေးများနှင့် အဟာရချက်ပြုတ်ပြိုင်ပွဲတွင် ဆုရအဖွဲ့များအား ဆုချီးမြှင့်ပြီး အသက် (၅)နှစ်အောက်ကလေးများကို ဗီတာမင်အေဆေးလုံးတိုက်ကျွေး၍ ကိုယ်ဝန်ဆောင်မိခင်များအား အထူးအဟာရဆေးများနှင့် ကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းနုအောင်