မူဆယ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(ခွဲ)မန့်ဝိန်းကျောင်းတွင် ဩဂုတ်လ (၁၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများ လိမ္မာရေးခြားရှိလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ လူကောင်းလူတော်များ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကိုပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က သက်ကြီးရွယ်အိုများ ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဟောပြောခဲ့ရာ သက်ကြီးရွယ်အိုများ ခံစားရရှိနိုင်သည့် အခွင့်အရေးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီ တာဝန်ဝတ္တရားများ၊ သက်ကြီးရွယ်အိုများအတွက် ပြဌာန်းထားသော ဥပဒေအကြောင်းအရာများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ အခြေခံစားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများတွင် ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများနှင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသော သက်ကြီးရွယ်အိုဆိုင်ရာ အခြားအခွင့်အရေးများ ရရှိခွင့်များကို (Projecter) ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြသဟောပြော ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခြင်းနှင့် အားပြည့်အချိုရည်ဗူးများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ကျောင်းသူ/ကျောင်းသားများ စာပေများကို စဉ်ဆက်မပြတ်လေ့လာနေစေဖို့ရန်၊ အချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသု တစာအုပ်များကိုလည်း မူဆယ်ခရိုင် ပြည်သူ့ရုံးစာကြည့်တိုက်တွင် အခမဲ့လာရောက် ဌားရမ်းဖတ်ရှုနိုင်ကြောင်း ဟောပြောခဲ့သည်။ ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သွယ်သွယ်လှိုင်က အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး နွေရာသီကျောင်းပိတ်ရက် များတွင် အားကစားပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပါဝင်ကစားလိုသည့် ကျောင်းသူ/ကျောင်းသားများရှိပါက အခမဲ့လာရောက် နာမည်စာရင်း ပေးထားနိုင်ကြောင်း တိုက်တွန်းနှိုးဆော်ကာ အားကစားနှင့်ပက်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ယင်းနောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းမှ သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က နွေရာသီကျောင်းပိတ်ရက် များတွင် ဝါသနာပါသော ကျောင်းသူလေးများ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခမဲ့စက်ချုပ်သင်တန်းတက်ရောက်နိုင်ကြောင်းနှင့် မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ဆိုင်ရာအချက်အလက် ဓာတ်ပုံမှတ်တမ်းများကို (Projecter) ဖြင့် ရှင်းလင်းပြောကြား ပြသခဲ့သည်။
ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုမွန်ခိုင်က မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့်ပက်သက်၍ မိုင်းအန္တရာယ် မထိခိုက်စေရန် သွားလာရမည့် နယ်မြေအခြေအနေကို ကြိုတင် လေ့လာအကဲဖြတ်ဖို့ရန်၊ အန္တရာယ်ရှိပါက ကြိုတင်အသိပေး အမှတ်သားများ ပြုလုပ်ခဲ့ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ကြိုတင်အကြောင်းကြားရန်၊ ကျောင်းသူ/ကျောင်းသားများ မိုင်းအန္တရာယ်ကို ရှောင်ကြဉ်ရမည့် အချက်များ၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို တစ်ဦးလျှင်(၂)သိန်းနှုန်းဖြင့် ကူညီထောက်ပံ့ပေးကြောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (၅) ရပ် အကြောင်းအရာများအား (Projecter) ဖြင့် သရုပ်ဖော်ဓာတ်ပုံများဖြင့် ပြသရှင်းလင်းပြောကြားခဲ့သည်။ ယင်းဟောပြောပွဲကို သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ (ထက်၊ မူ၊ လယ်) ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)