ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်ရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ဟိုပန် ဩဂုတ် ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးချိုလေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်ဒေသအတွင်း ဝမ်းစာဖူလုံမှု ရှိစေရန်၊ မိုးစပါး လယ်ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် မျိုးစေ့ထုတ် လုပ်ငန်းများဖွံ့ဖြိုးပြီး မျိုးကောင်းမျိုးသန့်များ ပွားများလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် တောင်သူများအား ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ယူရီးယား ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာသော တောင်သူများက လက်ခံရယူခဲ့ပြီး တောင်သူများကိုယ်စား တောင်သူ ဦး‌ယောဟန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက်(၂၅)ဧက၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်မှု (၂၀)ဧကနှင့် မိုးစပါး လယ်မျိုးစေ့ထုတ် (၁၇)ဧက စုစုပေါင်း(၆၂)ဧကအတွက် တောင်သူ(၃၆)ဦးတို့အား ယူရီးယားဓါတ်မြေဩဇာများ (၆၂)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)