ကျေးသီး ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ကျေးသီးမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သော ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလင်းက မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သော ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့မ၊ မိုင်းကောင်၊ နောင်ဆွမ်း၊ မိုင်းနင်၊ နားလွယ်၊ ဝမ်ခုန့်ကျေးရွာရှိ တောင်သူ (၈၀) ဦး၏ မိုးစပါး (၂၂၆) ဧကအတွက် ယူရီးယားဓာတ်မြေဩဇာ (၁၉၈) အိတ်အား တောင်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ စုစုပေါင်း (၈၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြေဩဇာစုပေါင်းကြဲပက်ခြင်း အခမ်းအနားအား ကျေးသီးမြို့နယ်၊ မိုင်းကောင် ကျေးရွာ၊ကွင်းအမှတ် (၁၂၈)၊ ဦးပိုင်အမှတ်(၁၅)တောင်သူ ဦးစိုင်းပညာ၏ မိုးစပါးမျိုးစေ့ထုတ် စံပြကွက် (၂) ဧက၌ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ မြေဩဇာ စုပေါင်းကြဲပက်ခြင်းအား ဆောင်ရွက်ရာဌာနအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)