ကျောက်မဲ ဩဂုတ် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် ၄ အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက အသိပညာတိုးဖို့ စာဖတ်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါက ပုံပြင်ဖတ်ပြခြင်း၊ ကျောင်းသား ကျောင်းသူများအား အချိန်ပေး၍ စာဖတ်စေပြီး အပြန်အလှန် ပြန်လည်ဆွေးနွေးစေခြင်း ၊ စာအုပ်များ ငှာရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား ကျောင်းသူ ၇၀ ဦးကျော် တက်ရောက်ခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးဝါးများ၏ဆိုးကျိုး နံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)