သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားကျောင်းသူများ အသိပညာမြင့်မားရေး ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်

သထုံ ဩဂုတ် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲခြင်းနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသားကျောင်းသူများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောသည်။

ယင်းနောက် အလယ်တန်းအဆင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်းပဟေဠိနှင့် ပန်းချီဆွဲပြိုင်ပွဲများကိုကျင်းပရာ ဘင်လှိုင်ရပ်ကွက်ရှိ အ.မ.က (လွန်) ဝါးတောကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အ.မ.က (လွန်) ဝါးတောကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသူနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ (၄၀) ဦးကျော်ခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေး၊ အနာဂတ်၏နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)