တောင်ကြီး ဩဂုတ် ၁၅
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘာဇခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပညာရေးဒီဂရီ (၂၅) ကျောင်းတွင် ဖွင့်လှစ်မည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ဒုတိယအသုတ်ကို တက်ရောက်ကျမည့် ဆရာ၊ ဆရာမဦးရေမှာ (၃၉၈၇) ဦးဖြစ်ပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် (၁၀၀) ဦးတက်ရောက် ဆွေးနွေးနေသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အခြေခံကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေကို သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်၏ စေတနာကို သိရှိနားလည်ကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို ပြည့်မှီအောင် ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို သိရှိအောင်ရှင်းပြရမည်ဆိုပါက မိမိပတ်ဝန်းကျင်တွင် အကောင်းမြင်သဘောထားများဖြင့် အများနှင့်အတူတကွ နေထိုင်ကြရသည့်အခါ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသား ပီသလာစေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သော အပြုအမူများနှင့် အကျိုးဆက်များကို သိရှိနားလည်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ဘေးအန္တရာယ် မဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီး အချိန်ကာလများတွင် သင့်လျော်စွာနေထိုင်တတ်ရန်၊ ကျန်းမာစွာ နေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများ ဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများ ချမှတ်ဆောင်ရွက်ထားပါကြောင်း၊ ရည်ရွယ်ချက်များ ပြည့်မီစေရန်ဆွေးနွေးပို့ချမည့် ဘာသာရပ် ခေါင်းစဉ်များကို သေချာစွာလေ့လာပြီး ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပညာရတနာဆောင်တွင် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေမှုကို လိုက်လံကြည့်ရှု အားပေးစကားပြောကြားကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ဆွေးနွေးပွဲသင်တန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တက်ရောက်သူ (၁၀၀) ဦးတက်ရောက်ကြကြောင်းနှင့် ဆွေးနွေးပွဲကို ဩဂုတ်လ (၂၇) ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)