ဘီးလင်းမြို့နယ်တွင်ဘီးလင်းမြစ်ရေဖုံးလွှမ်း မှုကြောင့် မိုးစပါး (၄၉၇၅၇)ဧက ရေနစ်မြုပ်ခံရ

ဘီးလင်း ဩဂုတ် ၁၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ် သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေဖုံးလွှမ်းမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း (၄၉၇၅၇) ဧက ရေနစ်မြုပ်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘီးလင်းမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မိုးစပါးစိုက်ပျိုးထားသည့် လယ်ကွက်များသို့ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ ရိတ်သိမ်းချိန်နီးသည့် စပါးပင်များအား နှုန်းမြေများဖုံးအုပ်၍ ပျက်စီးခြင်းနှင့် ရေနစ်မြုပ်မှုခံရသည့် သက်နု စပါး ခင်းများ သေကြေပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ယခုနှစ် မိုးစပါး (၁၀၆၁၁၉) ဧက စိုက်ပျိုးရန် လျာထားပြီး (၇၉၅၉၁) ဧက စိုက်ပျိုး ပြီးစီးခဲ့ပြီးဖြစ်သည်။ ​အနိမ့်ပိုင်းလယ်မြေများတွင် စိုက်ပျိုးထားသည့်မိုးစပါး (၄၉၇၅၇)ဧကမှာ ရေနစ်မြုပ်ခံခဲ့ရပြီး ယနေ့သြဂုတ် ၁၄ ရက်နေ့အထိ (၁၁၈၁၂)ဧက ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုးအောင် နှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ၏ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုအရ သိရှိရသည်။

အဆိုပါ သေကြေပျက်စီးခဲ့သည့် စပါးခင်းများ၌ နောက်ထပ်မိုးစပါးများ အချိန်မီအစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းစိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ခံ) ဒေါ်ခင်သန်းအေးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)