ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

မောင်တော    ဩဂုတ်   ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန် အောင်မင်္ဂလာ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အောင်မင်္ဂလာကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေဦး တက်ရောက် အမှာစကား ပြောကြားရာတွင်  သင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြရာမှာ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခုတတ်မြောက်ခြင်းအားဖြင့် လူငယ်များ လမ်းမှားမရောက် စေဘဲ ၊ ပညာရေးတစ်ပိုင်းတစဖြင့် အနာဂါတ်ဘဝများ မပပျောက်စေရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေခြင်းကြောင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်လာနိုင်ခြင်းစသည့် မိသားစုဝင်ငွေ တိုးပွားလာစေမှာဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်ခန်းစာများကို လက်တွေ့လေ့လာမှတ်သားပြီး  စနစ်တကျ သင်ယူကြရန်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ဉမ္မာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်  မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအား နည်းပြများက လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားများထဲမှ ထူးချွန် သင်တန်းသား ငါးဦးအား တစ်ပိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရေးအတွက်  နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နည်းပြတစ်ဦးက သင်ကြားပို့ချမည့်ဖြစ်ရာ သင်တန်းသူ ၁၅ ဦးက တက်ရောက်သင်ယူမည် ဖြစ်ပြီး သင်တန်းကာလမှာ တစ်လတိတိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)