မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၁၀)နာရီက လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှအေးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေးက ကျောင်း သင်ခန်းစာများတွင် အပြောစွမ်းရည်၊ အရေးစွမ်းရည်များ လက်တွေ့အသုံးချလျက်ရှိရာ အလေးထား မှတ်သားလိုက်နာဆောင်ရွက်ကြရန်  အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတ ကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်  ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း Grade(12)မှ မောင်သန့်ဇင်ထွဋ်က လူငယ်နှင့်အချိန်၏တန်ဖိုး၊  Grade(11)မှ မစုမြတ်နိုးခိုင်က လူငယ်နှင့်စည်းကမ်း၊ မငွေခွန်းချိုသစ်က မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ မောင်သူရှိန်ထွန်းက ပညာခေတ်နှင့်အနာဂတ် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ရာ စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မေတ္တာကိုယ်ပိုင်ကျောင်းသို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပိုစတာများ ပေးအပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပလတ်စတစ် သုံးစွဲမှုလျော့ချရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။    

သက်မောင်(ပြန်/ဆက်)