စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

စဉ့်ကိုင် သြဂုတ် ၁၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ် ဧကရာဒ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။    

ရှေးဦးစွာ     သင်တန်းသား/ သင်တန်းသူများက  " ကြက်ခြေနီမှပေးသောလက်ဆောင် " သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ      ဒေါက်တာ သိန်းထွန်းအောင်က ရှေးဦးပြုစုခြင်းဖြင့် အခြေခံကျန်းမာရေး မြှင့်တင်ပေးခြင်းဖြစ်ပြီး မိမိမိသားစုနှင့် ပတ်၀န်းကျင်တွင် ထိခိုက်ဒဏ်ရာရသူများရှိလာပါက ဆေးရုံဆေးခန်းသို့ မရောက်ခင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်စေရန် တတ်မြောက်ထားသော ပညာဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊  ကျောက်ဆည်တက္ကသိုလ် ကြက်ခြေနီအသင်း ဖွဲ့စည်းခြင်းအတွက် ဂုဏ်ပြုလွှာနှင့် ဆေးအိတ်အား ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ရီရီဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး  ရှေးဦးပြုစုခြင်း   (အခြေခံ) သင်တန်း (၁/၂၀၂၃)၊   (၂/၂၀၂၃)သင်တန်းတွင်  ဆုရရှိသူများအား  ဆုများ ပေးအပ်ခြင်း၊  သင်တန်းသား/သင်တန်းသူများအား  သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူ အသီးသီးမှ  ပေးအပ်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ်  ပါမောက္ခချုပ်က ကျောက်ဆည်တက္ကသိုလ် အသင်းဝင် အဆိုပြုလွှာအား ကြက်ခြေနီကြီးကြပ်မှုကော်မတီထံ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော့မူယာမောင်