မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာ သင်တန်းဖွင့်လှစ်   

မိတ္ထီလာ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာ အပ်ချုပ်စက်နည်းပညာသင်တန်းကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးမွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသားသင်တန်းသူများ မော်တာအပ်ချုပ်စက်နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးမွန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးမွန်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်နှင့် တာဝန်ရှိသူများ ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)