မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မိုင်းပျဉ်း သြဂုတ်လ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ယနေ့နံနက်(၁၀)နာရီက အထကကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်း ဆွေးနွေးဆောင်ရွက်ကြရာ Grade-9 မှ မောင်ဟိန်းထက်အောင်က “လူငယ်နဲ့လူမှုဆက်ဆံရေး”၊ Grade-9 မှ  မမိုးသက်သက်ခိုင်က “လူငယ်နဲ့ အီးစီးကရက်”၊ Grade-10 မှ မောင်ရဲဝံ့သူက “လူငယ်များနေရာယူတတ်ဖို့”နှင့် Grade-10 မှ နန်းအောင်းခမ်းမွန်းက “လူငယ်နဲ့ရည်မှန်းချက်” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၅၀)ဦးခန့်  တက်ရောက်ကြ ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး