တာချီလိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင် အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာ၌ အသုံးပြုနေသည့် ခေတ်မီ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြား ပြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသားများအား ရှာဖွေကယ်ဆယ် ရေးဆိုင်ရာဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းရှိ၊ မြို့နယ်များမှ စိတ်ပါဝင်စားသည့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့များမှ စုစုပေါင်း သင်တန်းသား ၅၀ ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလမှာ ဩဂုတ်လ ၁၄ ရက်မှ ၂၅ ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)