ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုင်းရယ်မြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

မိုင်းရယ် ဩဂုတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက် ကွင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီဌာနမှ တာဝန်ရှိသူများနှင့် မိုင်းရယ်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာများရှိ စိုက်ပျိုးရေးမြေပြင်များအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်အေး၊ မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များသည် မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာအုပ်စု၊ နားအော့ကျေးရွာရှိ တောင်သူ(၃)ဦးပိုင်၊ ကွင်းအမှတ် (၁၄)၊ ဦးပိုင်အမှတ်(၁၆၊၁၇၊၁၈)၊ မိုးစပါးမျိုးစေ့ထုတ် (၁၀)ဧက စံပြစိုက်ကွက်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာကို သက်ဆိုင်ရာ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ပြည်နယ်ဦးစီးမှူးက တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သဘာဝဓါတ်မြေဩဇာများအား သုံးစွဲကြရန်နှင့် စိုက်ပျိုးရာတွင်လည်း မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ယင်းနောက် ဓါတ်မြေဩဇာ စုပေါင်း ကြဲပက်ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ရာ တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် နောင်မိုးကျေးရွာအုပ်စု၊ ပန်ကိုး ကျေးရွာရှိ တောင်သူ(၃)ဦးပိုင်၊ ကွင်းအမှတ်(၁၀)၊ ဦးပိုင်အမှတ်(၆၊၇၊၈)၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် စံပြကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။     

မိုင်းရယ်(ပြန်/ဆက်)