ရန်ကုန် ဩဂုတ် ၁၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက “ဖိတ်ခေါ်ပါရစေ ကရင်မြေ”၊ “ချင်းရိုးရာကောက်ရိတ်သိမ်းအက”၊ “ပန်းရောင်စုံနဲ့လှတဲ့မြေ”စသည့်သီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။
ဆက်လက်ပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင် စကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်း၊ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးတို့က တက်ရောက်သင်ကြား ဆွေးနွေးသွားမည်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)