တွံတေးမြို့နယ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/သူလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ် ၁၂ ရက်နေ့ နေ့လယ် ၁ နာရီမိနစ် ၃၀ အချိန်က  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က(၁)ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြန်မာစာဘာသာရပ်မှူး ဆရာမ ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှနည်းပြ၊ နည်းစနစ်မှူး ဒေါ်ခင်လေးနွယ်က လူငယ်နှင့်အားကစားကဏ္ဍအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာကိုယ်စား မြန်မာစာဘာသာရပ်မှူး ဆရာမဒေါ်မြင့်မြင့်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဦးမျိုးလှိုင်