စဉ့်ကိုင် သြဂုတ် ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ် ဧကရာဒ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းသား/ သင်တန်းသူများက "ကြက်ခြေနီမှပေးသောလက်ဆောင်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းအောင်က ရှေးဦးပြုစုခြင်းဖြင့် အခြေခံကျန်းမာရေးမြှင့်တင်ပေးခြင်းဖြစ်ပြီး မိမိမိသားစုနှင့် ပတ်၀န်းကျင်တွင် ထိခိုက်ဒဏ်ရာရသူများရှိလာပါက ဆေးရုံဆေးခန်းသို့ မရောက်ခင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်စေရန် တတ်မြောက်ထားသော ပညာဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်ဆည်တက္ကသိုလ်ကြက်ခြေနီအသင်းဖွဲ့စည်းခြင်းအတွက် ဂုဏ်ပြုလွှာနှင့် ဆေးအိတ်အား ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၃)၊ (၂/၂၀၂၃)သင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်း၊ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို တာဝန်ရှိသူအသီးသီးမှပေးအပ်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်က ကျောက်ဆည်တက္ကသိုလ် အသင်းဝင်အဆိုပြုလွှာအား ကြက်ခြေနီကြီးကြပ်မှုကော်မတီထံ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်(ပြန်/ဆက်)