ဒဂုံဆိမ်ကမ်း သြဂုတ် ၁၄
ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးသန့်က ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာ ယာဥ်ထိန်းသိမ်းခြင်းနည်းစနစ် (၅)မျိုး၊ ယာဥ်တိုက်မှု အမျိုးအစားများ၊ လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်းများ၊ လမ်းဖြတ်ကူးရာတွင် လိုက်နာရန် စည်းကမ်းချက်များ၊ ခြေလျင်လျှောက်သူများ လိုက်နာရန် စည်းကမ်းချက်များ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သတိပြု လိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ယာဥ်စည်းကမ်း လိုက်နာရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများကို ပြသပေးခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၃၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ