သိန္နီ သြဂုတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်ထွက်ရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်က ဓါတ်မြေ သြဇာများ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စုမှ တောင်သူများအား (၁)ဧကကို (၅၀)ကီလိုဂရမ်ပါရှိသည့် ယူရီးယားဓါတ်မြေသြဇာ စုစုပေါင်း (၁၃၉)) အိတ်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး တောင်သူများမှကိုယ်စားတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းတွင် စိုက်ပျိုးထားသော မိုးစပါးပန်းတိုင်ထွက်ရှိရေး စံပြစိုက်ခင်းနှင့် မိုးစပါး မျိုးသန့်ပွားမှော်ဘီကောက်ညှင်းမွှေးစံပြစိုက်ခင်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေး၊ ခရိုင်ဦးစီးမှူးဒေါ်စောမြတ်မြတ်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်နှင့် ဝန်ထမ်းများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေး နည်းပညာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)