မက်မန်းမြို့နယ်တွင် မြစိမ်းရောင်‌ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မက်မန်း ဩဂုတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲ ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာ(၂)ရွာအား အရင်းမပျောက်မတည်ငွေ သိန်း(၃၀၀)အား ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများအနေဖြင့် ရန်ပုံငွေများကို ကျေးရွာ ဖွံ့ဖြိးရေးလုပ်ငန်းများတွင် သုံးစွဲရန် လိုအပ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ(၇)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံများ ဆောင်လုပ်နိုင်ရေးအတွက် ရန်ပုံငွေသိန်း (၁၀၅၀)အား ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများမှ မိမိတို့ ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျေးရွာခန်းမဆောင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံများ ဆောက်လုပ်သွားရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် မက်မန်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးစိုင်း အောင်မျိုးထက်က “ကျေးရွာဖွံ့ဖြိုးရေးအတွက် ဌာနနှင့်မပြတ်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများထားရှိရမည့် တာဝန်(၅)ရပ်ရှိပါကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုတိုးတက်ရေးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိုု့နယ်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင်က “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် နိုင်ငံတော်မှ အရှိန်ဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများကို ပေးအပ်ခဲ့ရာ ကျေးရွာများရှိ တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေ ပေးအပ်ပွဲတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတွက် ကျေးရွာ(၂)ရွာအား အရင်းမပျောက်မတည်ငွေ သိန်း(၃၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ သိန်း(၁၀၅၀)၊ စုစုပေါင်း ကျပ်သိန်း(၁၃၅၀)အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ပြန်/ဆက်)