မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဘီးလင်းမြို့နယ်ရှိ ရေကြီးနစ်မြုပ်ခံရသည့် အနိမ့်ပိုင်းရပ်ကွက်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်နှင့်ထောက်ပံငွေများပေးအပ်

ဘီးလင်း    ဩဂုတ်    ၁၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်းနှင့် ပြည်နယ် /ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်အနိမ့်ပိုင်း ရေကြီးနစ်မြုပ်ခံခဲ့ရသည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး ဘီးလင်းမြို့နယ်သာသနာ့ဗိမာန်၌ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံကာ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

​ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာရပ်ကွက်အနိမ့်ပိုင်းဒေသရှိ ရေကြီးနစ်မြုပ်ခံခဲ့ရသည့်နေရာသို့  သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေများပြန်လည်ကျဆင်းပါက နေအိမ်များသို့ စနစ်တကျပြန်လည် ရွှေ့ပြောင်းရေး၊ ရေကြီးပြီးနောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘီးလင်းမြို့နယ်သာသနာ့ဗိမာန်၌ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင််ကြသော ရပ်ကွက်နှင့် ကျေးရွာအနိမ့်ပိုင်းတို့မှ ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရေး၊ မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးများကို ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရေးတို့ကို ဆွေးနွေးမှာကြားပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာ ဗိုလ်မှူးကြီးကျော်စွာမြင့်က ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်(၁၈၁၅၄၅၀၀/-)ကို ပေးအပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်က လက်ခံရယူပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေနှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)