ကျောက်ဆည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးကြရာ ရန်ပုံနှစ်ကျေးရွာတွင်စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းရသဖြင့် မိသားစုစားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက ရေသွင်းရာတွင်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင်(၄)ပေခန့်အကွာ စိုက်ပျိုးမှသာ နေရောင်ခြည်ကောင်းစွာ ရရှိပြီး လေဝင်လေထွက်ကောင်းကာ အကိုင်းအခက်ဖျာ၍ အသီးများပို၍သီးကြောင်း၊ အပင်သေပျောက်မှု မရှိစေရန်အတွက် မျိုးစေ့များကို ဦးစွာပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်း နှင့်လိုအပ်သည့် အချိန်များတွင်မြေဩဇာနှင့် ပိုးမွှားကာကွယ်ဆေးများဖြန်းပေးရကြောင်းနှင့် ရေကြိုက်နှစ်သက်သဖြင့် အစိုဓာတ်မပြတ်စေရေးရေသွင်းပေးရကြောင်း သိရသည်။
ခရမ်းသီးနှံသည် စိုက်ပျိုးပြီး(၄၅)ရက်တွင် စတင်ခူးဆွတ်ရောင်းချရပြီး အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရကြောင်း အသီးလှိုင်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ ရောင်းဈေးအနေဖြင့် ဈေးကွက်အနေအထား အပေါ်မူတည်၍ တစ်ပိသာငွေကျပ် (၈၀၀)မှ(၁၂၀၀)ကျပ်အထိ ရရှိကြောင်း ခရမ်းစိုက်တောင်သူ ဦးတင်မောင်ထွန်းက ပြောပြသည်။
သက်မောင် ကျောက်ဆည်