ကမ္ဘာ့ဆင်များနေ့ အခမ်းအနား ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ဆင်စခန်းအသီးသီးတွင် ကျင်းပ

ညောင်ဦး  ဩဂုတ်  ၁၃

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ  ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်ဖွင့်လှစ် ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ဩဂုတ် ၁၂ ရက်၊ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများ ထံကသိရသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား  ဆင်စခန်း တာဝန်ခံဝန်ခံနှင့် ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေးကျွေးခြင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်ပြီး ၂၀၁၂ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ကနေဒါ နိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့်ထိုင်းနိုင်ငံအခြေစိုက် Elephan Reintroduction Foundation တို့မှစတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များ နေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၀)နီးပါးရှိ နေပြီးဖြစ်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံကသိရသည်။

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ အနီးဖွင့်လှစ် ထားသည့် ပလင်းကမ်းသာယာဆင်စခန်းတွင်လည်း ဆင်များအား ဆင်စာဘူဖေးကျွေးမွေးခြင်း၊ ဆင်ဦးစီး၊ ဆင်ခေါင်း၊ ဆင်ပဲ့ချိတ်တို့အား တူညီဝတ်စုံများပေးအပ်ခြင်းနှင့် ဆင်စခန်းရှိ ဆင်များ နှင့်အတူ ဘောလုံးကစားခြင်း၊ မြစ်ကမ်းဘေးတစ်လျှောက်ဆင်များ လွှတ်ပေးထားခြင်း များဖြင့် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ဆင်များနေ့အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၂) ခုလုံး  ဆင်စာဘူဖေး ကျွေးခြင်းများဖြင့်ကျင်းပခဲ့ကြောင်း  ဆင်များအား နာနတ်သီး၊ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ အားဆင်စာဘူဖေးကျွေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း