ကျိုင်းတုံ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစိုင်းရွှေအောင်က Moderator အဖြစ်ဆောင်ရွက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦး၊ ကျောင်းသား/ ကျောင်းသူငါးဦးတို့က လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်ဒဿန၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းလေ့လာခြင်းစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဖြည့်စွက်ဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)