တွံတေးမြို့နယ်၌ လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တွံတေး သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ မိနစ် ၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးစစ်ကြောင်းအဖွဲ့ဝင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက အမှာစကားနှင့် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေးအဖွဲ့ခေါင်းဆောင် မြန်မာစာဘာသာရပ်မှူး ဆရာမဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် ကျပန်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ယနေ့လူငယ်နောင်ဝယ်လူကြီးခေါင်းစဥ်ဖြင့် ပထမဆုရ Grade(11) မှ မဇင်ဇင်ဝေ ၊ အစဥ်ရှေးရှု မြန်မာယဥ်ကျေးမှု ခေါင်းစဥ်ဖြင့် ဒုတိယဆုကို Grade(11)မှ မခွန်းဆင့်နှင့် ကျန်းမာခြင်းသည်လာဘ်တစ်ပါးခေါင်းစဥ်ဖြင့် Grade(11)မှ မရွန်းလဲ့သဥ္စာမောင်တို့ကရရှိပြီး အ.ထ.က(၁)မှ ဆရာဦးအောင်ဇော်နိုင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အမှတ်ပေးဒိုင်များအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက်ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သက်မာကိုယ်စား မြန်မာစာဘာသာရပ်မှူးဆရာမဒေါ်မြင့်မြင့်ခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပညာရေးစစ်ကြောင်းပါ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများကို တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

တွံတေးသား