နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်တမံများ အတွင်း ရေဝင်ရောက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံကန်ရေလှောင်တမံ သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဆင်အုံကန်ဆိုင်ရာအချက်အလက်များ၊ ပြန်လည်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဆင်အုံကန်ရေပိုလွှဲတွင်ရေတံခါးတပ်ဆင် ထားရှိမှုအခြေအနေများ၊ မြို့ပြသုံး ရေဖြန့်ဝေမှု အခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေများနှင့် စိုက်ပျိုးရေဖြန့်ဝေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအနေဖြင့် လယ်ယာ ကဏ္ဍမှာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်၊ စိုက်ပျိုးရေး လုပ်ငန်းများကို သီးထပ်ပိုမိုစိုက်ပျိုးနိုင်ရေး၊ စပါးကိုအထွက်တိုးအောင် ဆောင်ရွက်နိုင်ရေး၊ စပါးစိုက်ပျိုးရန်အဆင်မပြေသည့် လယ်မြေများအပေါ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာ များအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဆင်အုံကန်ရေပိုလွှဲတွင် ရေတံခါးတပ်ဆင် ထားရှိမှုအခြေအနေနှင့် ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ရန်အောင်မြင်ဆည်သို့ ရောက်ရှိရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးလှမိုးထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရန်အောင်မြင်ဆည် အတွင်း ရေဝင်ရောက်မှုအခြေအနေ များနှင့် ရေဖြန့်ဝေမှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရေသန့်စင်စက်ရုံ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများကို အောင်မြင်အောင် ကြိုးကြိုးစားစားဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး တိုးတက်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင် ရွက်နိုင်စေရေး၊ မိမိတို့၏ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ဌာနဆိုင်ရာများအနေဖြင့် နည်းပညာများ ပံ့ပိုးပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချ နိုင်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက မြို့နယ်အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ တင်ပြချက် များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)