ဝိုင်းမော် ဩဂုတ် ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ “ပညာပျိုးခင်း”ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သာဂရ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ “ပညာပျိုးခင်း” စာကြည့်တိုက်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကြည်ထွန်း၊ ဗိုလ်မှူးထင်လင်းဦး၊ မြို့နယ်ပညာရေးမှူးဦးသန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အ.ထ.က(ခွဲ)သာဂရ Grade-10 ကျောင်းသူကျောင်းသားများက “မြန်မာ့ကျောင်း” သီချင်းသီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးသန်းအောင်က ပညာရေးလက်တွေ့ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းအုပ်ဆရာကြီးဦးဇူမိုးဦးက ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီးစာကြည့်တိုက်အတွက် လှူဒါန်းပေးအလှူရှင်များအား တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ Grade-(5)(11)ကျောင်းသူကျောင်းသား လေးများက“ထာဝရမြန်မာ”တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ “ဇာတိမာန်” သီချင်းဖြင့်လည်း သီဆိုကပြဖျော်ဖြေခဲ့သည်။ “ပညာပျိုးခင်း” ကျောင်းစာကြည့်တိုက်သည် အလျား ပေ(၄၀)၊ အနံ(၂၄)ပေ၊ သွပ်မိုး၊အုတ်ကာ၊ တမံတလင်းခင်းဖြစ်ပြီး သုတစာအုပ်(၇၀၀)အုပ်၊ ရသစာအုပ် (၂၃၄)အုပ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ဖြူစင်