သီပေါ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာ သင်တန်းကို ယနေ့ နံနက်၈နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင်ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရား တော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေး လာစေရန်ရည်ရွယ်၍ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မပျက်မကွက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်းနှင့် အလှူရှင်များမှ ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန်များ လာရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့လယ် မဟာသာသနာ့ ဗိမာန်တော် ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှသိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)