ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါး(၁၈၂၂၉)ဧက ရေနစ်မြုပ်

ကျိုက်ထို ဩဂုတ်   ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း(၁၈၂၂၉)ဧကရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိစစ်တောင်းမြစ်ရေမြင့်တက်လာရာ စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့်ကျေးရွာအုပ်စုများ၌ မိုးစပါးစိုက်ဧကများ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ရေကြီးနစ်မြုပ်ခဲ့ရကြောင်း သိရသည်။

တောင်သူအများစုအနေဖြင့် ယခုနှစ်မိုးစပါးများ စတင်စိုက်ပျိုးထားသည်မှာ တစ်လခန့်သာရှိနေသေးပြီး ယခုမှစတင်စိုက်ပျိုးသူများလည်းရှိကြောင်း၊ ရက်အတော်ကြာ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များသေကြေပျက်စီးထိခိုက်မည်ကို စိုးရိမ်နေကြောင်း၊ ရက်သတ္တတစ်ပတ်ကျော်ကြာ ရေကြီးနစ်မြုပ်ဆဲဖြစ်သည့် အနိမ့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များအဖို့ သေကြေပျက်စီးမှုများဖြစ်ပေါ်နိုင်ပြီး အချို့အမြင့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များမှာလည်း အထိုက်အလျောက်ပျက်စီးထိခိုက်မှုဖြစ်ပေါ်နိုင်ကြောင်း ဒေသခံတောင်သူတစ်ဦး၏‌ ပြောကြားချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက စုစုပေါင်း(၂၁၈၀၇)ဧက စိုက်ပျိုးရန်လျာထားပြီး အနိမ့်ပိုင်းလယ်ကွင်း အချို့မှစပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့သဖြင့် ရေကြီးနစ်မြုပ်ပြီး ပျက်စီးမှုအခြေအနေများကို ဩဂုတ်(၁၁)ရက် မွန်းလွဲပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး ရေများပြန်လည် ကျဆင်းသွားပါက သေကြေပျက်စီးခဲ့သည့် နေရာများ၌ နောက်ထပ်မိုးစပါးများအား အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး စီစဥ်ထားကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)