စစ်တွေ ဩဂုတ် ၁၃
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဘိုးဘွားများအား ယခုကဲ့သို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် တွေ့မြင်ရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ဘိုးဘွားများကို စောင့်ရှောက်ပေးနေကြသူများနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏မိဘများ သဖွယ်စောင့် ရှောက်ပေးနေကြသည်ကို တွေ့ရှိရသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် ဝါတွင်း ကာလတွင် သံဃာတော်များနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့နိုင်ရန်၊ လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးရန်၊ ဝန်ထမ်းများ စုပေါင်းကာ ဘိုးဘွားရိပ်သာသန့်ရှင်းရေးအတွက် လာရောက်ပြီး လုပ်အားဒါန ပြုပေးကြခြင်းဖြစ်ကြောင်း ဂါရဝပြုစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘိုးဘွားများအား အာဟာရဖြည့် စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြပြီး ဘိုးဘွားရိပ်သာမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓာတ်လယ်ကျောင်းတိုက်၊ အဓိဋ္ဌာန် ကျောင်းတိုက်နှင့် ငါးဇင်ရိုင်းချောင်းကျောင်းတိုက်များသို့ သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက်၌ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း များဖြစ်သည့် သက်ကြီးခြင်ကောင်နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန်များတွင် ပိုးလောက်လန်း သေဆေး (အဘိတ်) ခတ်ခြင်းဆောင် ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်အနီး လမ်းအူကြောင်းလျာထား နေရာအားလည်းကောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအနီး ညဈေးတန်း ဆောင်ရွက်မည့် လျာထား မြေနေရာအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှသူများက လုပ်ငန်းဆောင် ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှုခင်းသာလမ်း (စာတိုက်လမ်းဆုံမှ စစ်တွေ ဟိုတယ်လမ်းဆုံအထိ) ၁၂၉၀၀ ပေလမ်းပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွား ရောက်ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က လမ်းအပိုင်းအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု၊ ပြီးစီးနေမှုနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စစ်တွေကမ်းခြေပတ်လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မိုခါမုန်တိုင်း သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် အတွက် အလှူငွေ ပေးအပ်ပွဲနှင့် ရခိုင်ပြည်နယ်၏ ဆန်စပါး ထုတ်လုပ်ရောင်းချမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အလှူငွေပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)မှ ရခိုင်ပြည်နယ်၏ ဆန်စပါး ထုတ်လုပ် ရောင်းချမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ငွေကျပ် (၁၀၀၀၀၀၀၀၀) (ကျပ်သိန်းတစ်ထောင်)၊ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ငွေကျပ်သိန်း(၅၀)နှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းမှ ငွေကျပ်သိန်း(၆၀)တို့ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ၊ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိတွင်ရခိုင် ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကူညီဆွေးနွေးပေးကြသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ပါကြောင်း၊ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အလားတူ ကျန်းမာရေး၊ ပညာရေး၊ သာသနိက အဆောက်အဦများကို ဦးစားပေးဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများ အမိုးအကာအောက် အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းများ၊ ပြည်သူများ၏ စုပေါင်းအားနှင့် ကြိုးစားဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဇွန်လ ၁ ရက်နေ့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ လျှပ်စစ်မီးများ၊ လမ်းပန်းဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစိုက်ပျိုးရာသီတွင် နိုင်ငံတော်မှ အထွက်နှုန်းကောင်းသည့် မျိုးစပါးများကို ထောက်ပံ့ပေးအပ်ထားပြီး ထွန်ယက်စိုက်ပျိုး လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် မျိုးစပါးများ၊ စိုက်ပျိုးနည်းစနစ်များ၊ မြေပြုပြင်မှုများ ပြောင်းလဲ ဆောင်ရွက်သွားမည်ဆိုလျင် စိုက်ပျိုးရေးကဏ္ဍသည်လည်း တိုးတက်မြင့်မားလာမည် ဖြစ်ကြောင်း၊ အလားတူ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို ပေါင်းစပ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြစ်ရေတင် စီမံကိန်းနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆောင်ရွက်မည့် အစီအမံများကိုသိရှိရသည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကိုယ်တိုင်လာရောက်ကာ ရခိုင်ပြည်နယ်၏ ဆန်စပါးကဏ္ဍနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ဦးရဲမင်းအောင်က ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုတိုးတက်ရေး၊ ဆန်စပါး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ရခိုင်ပြည်နယ်၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်လေးမြို့နယ်တွင် ဧက(၁၀၀၀) အထွက်တိုးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လိုမှုအပေါ်ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေး နွေးတင်ပြကြ သည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)