ရန်ကုန် ဩဂုတ် ၁၃
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ မှုခင်းများ ကြားနာစစ်ဆေးစီရင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သုံးထပ်ဆောင်(အပေါ်ထပ်) အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်ပြီး ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ၊ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ကြေညာပြီးဖြစ်၍ တရားရုံးများတွင် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ တရားစွဲမှုများလည်း များပြားလာမည်ဖြစ်ကြောင်း တရားရုံးများအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အခွင့်အရေးကို တရားစီရင်ရေးကဏ္ဍမှ ဥပဒေအရ အပြည့်အဝ အကာအကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်နှင့် အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဟူသည့် တရားစီရင်ရေး မဟာဗျူဟာပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆောင်ရွက်ချက်များနှင့် Judicial Review ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်ကျော်၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေအရ တရားမကြောင်းဖြင့် မှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်း ခေါင်းစဉ်ဖြင့်ကျောက်တံတားခရိုင် တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၁)ဦးမင်းသန့်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ ရာဇဝတ်ကြောင်းဖြင့် မှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်း ခေါင်းစဉ်ဖြင့် ကျောက်တံတားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးသန့်စင်ငြိမ်းတို့က အသီးသီး ဟောပြောဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ဥပဒေပညာရှင်များက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်ကျော်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဟောပြောဆွေးနွေပွဲကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရသည်။
အောင်မြင့်(ပြန်/ဆက်)