သုံးခွ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က(၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ဆန်းဆန်းဌေးမှ ကျေးဇူးတင်စကားပြောကြားသည်၊၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/သူလူငယ်များဟာ ”ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်တာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်တွေအနေနဲ့ စကားပြောစွမ်းရည်တိုးတက်မြင့်မားလာစေရန်၊ လူအများအရှေ့မှာ ပြောရဲဆိုရဲ့သည့် သတ္တိရရှိလာစေရန်၊ ပြိုင်ပွဲတိုင်း ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် အသိပညာဗဟုသုတတွေကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်မည့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းသား/သူ(၅)ဦးတို့က "ယနေ့လူငယ် နောင်ဝယ်လူကြီး"၊ "မူးယစ်ရန်စွယ်တို့ကာကွယ်"၊ "ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့"၊"ပညာရဲရင့်ပွဲလယ်တင့်"၊ "ကျန်းမာခြင်းသည်လာဘ်တစ်ပါး"၊ စသည့်ခေါင်းစဉ်(၁၀)ခုကို မဲနှိုက်၍ ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့က ဆုရွေးခြယ်ရေးဒိုင်အဖြစ်ဆောင်ရွက်ခဲ့ကြသည်၊၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုကို အ.ထ.က-၂ ကျောင်းမှ Grade-10 ကျောင်းသူ မစုစန္ဒာမြင့်ကလည်းကောင်း၊ ဒုတိယဆုကို အထက-၂ ကျောင်းမှ Grade-11 ကျောင်းသူမခင်ငြိမ်းအေးကလည်းကောင်း၊ တတိယဆုကို အ.ထ.က-၁ ကျောင်းမှ Grade-11 ကျောင်းသူမဆုပိုင်ပိုင်ထွဋ်ကလည်းကောင်းရရှိခဲ့ကြပြီး အထူးဆုအဖြစ် မခိုင်နွယ်လင်း အ.ထ.က(မြို့မ)နှင့် မောင်သက်ညီညီ အ.ထ.က(၁)တို့ကရရှိခဲ့ကြသည်။ ဆုရရှိသူကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်တို့ကို တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်