မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများကို ကုန်သည်စက်မှု အသင်းချုပ်မှ တစ်ဆင့် လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်

လမ်းမတော်  ဩဂုတ်  ၁၃ 

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ အချိန်မီ လှူဒါန်းနိုင်ရေးအတွက် အသင်းချုပ်အနေဖြင့် Task Force ဖွဲ့စည်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ရာ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများ၊ ဆန်၊ ဆီ၊ ငါးသေတ္တာ စည်သွပ်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေ များကို ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အသင်းချုပ်မှ တစ်ဆင့် ထိရောက်စွာ လှူဒါန်းနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှု အသင်းချုပ်မှတစ်ဆင့် လှူဒါန်းခဲ့သော အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ် အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက  “မိမိတို့ ကုန်သည်စက်မှုအသင်းချုပ်မှ တစ်ဆင့် မုန်တိုင်း ဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပနိုင်ငံခြား အဖွဲ့အစည်းများ၊ ပြည်တွင်းအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများ၊ အသင်းချုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များက ပါဝင်လှူဒါန်းခဲ့ရာ အသင်းချုပ်မှ မတည် လှူဒါန်းငွေ ကျပ်သိန်း (၂,၀၀၀) အပါအဝင် ငွေသားကျပ်သိန်း (၆,၀၀၀) ကျော်နဲ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း (၃,၂၀၀) ကျော် လက်ခံ ရရှိခဲ့ပါတယ်။ ဆန်၊ ဆီ၊ စားသောက်ကုန်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ ၊ အမိုးသွပ်ပြား၊ သွပ်ရိုက်သံများအပြင် အမိုးအကာများ ကိုလည်း ကုန်းလမ်း၊ ရေလမ်းတို့မှ ပို့ဆောင်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသမှာရှိတဲ့ ပြည်သူများထံ အချိန်မီ ပေးပို့နိုင်ခဲ့သည်။

ယခုလို ညီနောင်အသင်းများ၊ အသင်းဝင်များ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များရဲ့ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် အခက်အခဲများကြားမှ မုန်တိုင်းဒဏ်သင့် ပြည်သူများကို အချိန်မီ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများကို ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်သင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲအလုံးစုံကို ကူညီဖြေရှင်းပေးဖို့ မိမိတို့အနေနဲ့ မစွမ်းနိုင်သော်လည်း တတ်စွမ်းသရွေ့ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလှူဒါန်းထားတဲ့ ပစ္စည်းများ ကို လက်ခံရရှိခဲ့တဲ့ ပြည်သူများအနေနဲ့လည်း လက်တွေ့အသုံးဝင်ပြီး လိုအပ်တဲ့အချိန်မှာ ရရှိတဲ့ အတွက်လည်း ကျေးဇူးတင်ဝမ်းသာကြမယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသောထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် UMFCCI Task Force ဥက္ကဋ္ဌဖြစ်သူ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက Task Force၏ လှုပ်ရှားဆောင်ရွက်ချက် များနှင့် အလှူငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက မုဒိတာ စကားပြောကြားခဲ့သည်။

ယင်းနောက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များနှင့်  မုန်တိုင်းဒဏ်သင့် ဒေသများသို့ အချိန်မီရောက်ရှိရန် ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခဲ့သည့် အလှူရှင်များအား အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အသင်းချုပ်သည် မုန်တိုင်းသတင်းကို လုပ်ငန်းရှင်များအပါအဝင် အများပြည်သူသိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ ထပ်ဆင့်ဖြန့်ဝေခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ချက်များအပေါ်မူတည်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက် နေကြသူများ၊ တောင်သူလယ်သမားများ အချိန်မီ ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ် လပ် မှုများ မဖြစ်ပေါ်စေရေးတို့အတွက် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခြင်း၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရေးအတွက် ညီနောင်အသင်းများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ်၏ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ် အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံ တကာကုန်သည်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်ဆန်းမြင့်