မိတ္ထီလာ၌ စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စားပွဲတင်ပန်းအိုး အလှဆင်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဩဂုတ် ၁၃

မိတ္ထီလာမြို့၌  မိတ္ထီလာပညာရေး ဒီဂရီကောလိပ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ စားပွဲတင်ပန်းအိုး အလှဆင်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ် သင်တန်းသူ/သင်တန်းသားများ ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့ ၂၇ ဖွဲ့က စွန့်ပစ္စည်းများ အသုံးပြု၍ စားပွဲတင်ပန်းအိုး အလှဆင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ကြသည်။ အဆိုပါ ပြိုင်ပွဲဝင်အဖွဲ့များ၏ ပြိုင်ပွဲဝင်လက်ရာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစော မြင့်ထူး၊ မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ပြိုင်ပွဲဝင် အဖွဲ့များက စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ဖန်တီးထားသော စားပွဲတင်ပန်းအိုး အလှဆင်ထားမှု အခြေအနေများကို အဖွဲ့လိုက် မိတ်ဆက်ရှင်းလင်းတင်ပြပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက အကဲဖြတ် အမှတ်ပေးသည်။၎င်းနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး က ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်အဖွဲ့များစာရင်းကို ကြေညာပြီး ဆုရရှိကြသည့် ပြိုင်ပွဲဝင် အဖွဲ့များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ