မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးစပါး ရာသီ ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ် မိုးစပါးရာသီ  ကောက်စိုက်စွမ်းရည် ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၀)၊ တောင်သူ ဦးတင်လှ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ အောင်မြေသာစံခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းသောင်းက ကောက်စိုက် ပြိုင်ပွဲနှင့် အမှတ်ပေး စည်းမျဥ်းများအား ရှင်းလင်းတင်ပြ ပြောကြား၍ ကောက်စိုက်သမများ စိုက်ကွင်းအတွင်းသို့ နေရာယူကာ ပြိုင်ပွဲအား ယှဥ်ပြိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်တို့မှ ကောက်စိုက်အဖွဲ့များ ဖြစ်ကြသည့် လှိုင်းမေတ္တာ၊ ရွှေရည်နန္ဒာ၊ ရွှေစည်တိုင်း၊ ဒို့တောင်ပြုံး၊ တောင်မြို့သူ (၁)၊ တောင်မြို့သူ(၂) စုစုပေါင်း အဖွဲ့(၆)ခုဖြင့် ယှဉ်ပြိုင်မှုအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မျိုးစေ့ချကိရိယာ Drum Seeder များကို မြို့နယ်များသို့ ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံ ရယူခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်အား ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး၊ တင်ပြမှုများအပေါ် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကောက်စိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိကြသည့် ကောက်စိုက်အဖွဲ့များအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ ပထမဆုရရှိသည့် ပုသိမ်ကြီးမြို့နယ် လှိုင်းမေတ္တာ ကောက်စိုက်အဖွဲ့ဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)