မန္တလေး ဩဂုတ် ၁၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉:၀၀)တွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုနိုင်စေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်တာဝန်ခံများက ကျောင်းစာကြည့်တိုက်၏ သီးသန့်အခန်းထားရှိရန် အချက်များ၊ အလင်းရောင်ကောင်းမွန်စွာ ရရှိရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ စာကြည့် တိုက်သုံး ပရိဘောဂများ ပြည့်စုံစွာ ရရှိရေး၊ စာငှားကောင်တာနှင့် စာကြည့်တိုက်မှူး သတ်မှတ်တာဝန်ပေးရေး၊ အားလပ်ချိန်တွင် စာအုပ်၊စာပေ လေ့လာဖတ်ရှုနိုင်ရေးအတွက် တစ်ခန်းဝင်၊တစ်ခန်းထွက် သယ်ဆောင်နိုင်သည့် စာကြည့်တိုက် စာအုပ်သေတ္တာငယ်ထားရှိရေး၊ လစဉ်ပုံမှန် စာအုပ်စုဆောင်းနိုင်ရေး၊ စာပေဖတ်ရှုရုံသာမက အခြားဝါသနာပါသည့် ပန်းချီ၊ကဗျာရွတ်၊ စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးရေး၊ မိမိတို့ကျောင်းစာကြည့်တိုက်၏ ပြင်ဆင်ထားရှိမှုများ၊ လိုအပ်ချက်များ အစရှိသည်တို့ကို ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းစာကြည့်တိုက်တာဝန်ခံ (၁၅)ဦး တက်ရောက်ခဲ့ကြပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းစာကြည့်တိုက်ပြင်ဆင်မှု အကောင်းဆုံး ဂုဏ်ပြုဆုများကို ကျောင်းစာကြည့်တိုက်တာဝန်ခံများသို့ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)