၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတက်ရောက်

မုဒုံ    သြဂုတ်    ၁၃

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက “ဘက်စုံပညာကိုရည်ဒို့လှမ်းချီ” တေးသီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် လူ့စွမ်းအား အရင်းအမြစ်သည် အဓိကအရေးပါသည့်အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ ဘက်စုံ ဖွံ့ဖြိုးသည့် လူရည်ချွန်၊ လူရည်မွန်ကလေး  များပေါ်ထွန်းလာစေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂဆိုသော ဗလငါးတန် ဖွံ့ဖြိုးသော ကျောင်းသား/ သူများကို များစွာမွေး ထုတ်ပေး နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေး မြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်၊ လူရည်ချွန် လူရည်မွန်များ၊ အဆင့်တိုင်းတွင် မွေးထုတ် စေနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီး ဖြစ်တာနှင့်အညီ ၎င်းပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံ ဖြစ်သည့် မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်း သား/သူများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။  ယင်းနောက် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းက ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၆)ဘာသာ  ဂုဏ်ထူးရှင် (၉)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈၄)ဦး၊ (၁)ဘာသာဂုဏ်ထူး ရှင် (၁၃၅)ဦးအား ပညာရည်ချွန် ဂုဏ်ပြုဆုများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား အသီးသီးဆု ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)