သီပေါမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အကြောင်း အရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်စိုးက  အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရေချိုသယံဇာတဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေအောင် လေထု ညစ်ညမ်းမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ စာရေးဆရာဇာဏီဟိန်း (သီပေါ)က သက်ရှိလောက တည်မြဲဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့်လည်းကောင်းစသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဆိုင်သော အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နံနက်(၁၁)နာရီတွင် ပန်ညုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အဆိုပါ အဖွဲ့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)