ဆွမ်ပရာဘွမ် ဩဂုတ် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများကျွေး မွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း "မရန်ယောရှု"ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် "မြန်မာ့ကျောင်း" သီချင်းဖြင့် ကျောင်းသား၊ကျောင်းသူများက ပြဖျော်ဖြေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်းက သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆေးကုသရန် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဂျေလုဂျာက သွားပိုးစားခြင်းမှ ကာကွယ်နိုင်ရန်အတွက် မိမိ၏ သွားများ အထူးဂရုပြုကြရန်၊ တစ်နေ့(၂)ကြိမ် စနစ်ကျကျတိုက်ရန်နှင့် မိမိတို့ လက်ကလေးများကို ပိုးမွှားများ မတွယ်ကပ်နိုင်ရန် ဆပ်ပြာရေဖြင့် စနစ်တကျ ဆေးကြောသည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ် ပညာရေးမှူး ဒေါ်သီတာဌေးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့တို့က ကျောင်းကျန်းမာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသီးသီး သရုပ်ပြ ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကျန်းမာဖို့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်စို့ လက် ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ပြီး ကျောင်းကျန်းမာရေး အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲ အခမ်းအနား၌ တက်ရောက်လာသော ကျောင်းသား ကျောင်းသူ (KG)တန်းမှ ကလေးငယ်များအား (Vitamin-A) (၂) သိန်းအားဆေးနှင့် Grade-5 ကလေးငယ်များအား( Faramin -BC)အား ဆေးများ တိုက်ကျွေးခဲ့သည်။ ထို့နောက် ဆွမ်ပရာဘွမ်မြို့ အမှတ်(၄၆) ခြေလျင်တပ်ရင်းမှူးမှ အာဟာရဖြည့် ကြက်သားဆန်ပြုတ်ကို ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ အခြေခံပညာကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၂၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)