ရန်ကုန် သြဂုတ်လ ၁၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံပညာဆရာ၊ ဆရာမများအတွက် ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၁ ရက်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)ဦးစိန်ဝင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Mr.Finbarr Sweeney တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင်ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်း Country Representative Mr. Rico Wallenta၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း Country Manager Mr. Fabio Beltramini၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်သား/သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဩဂုတ်လ(၃)ရက်နေ့မှ ဩဂုတ်လ(၁၀)ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၅)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)