ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဟိုပန် ဩဂုတ် ၁၃

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်ခရိုင် ပညာရေးမှူး ဒေါ်နောအံကြူးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ အထက်တန်းပြဆရာမ ဒေါ် ခိုင်​ရွှေသေက စီစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ Grade-9 ကျောင်းသား/သူများက "လူငယ်နှင့်မူးယစ်ဆေး" "လူငယ်နှင့်ရည်မှန်းချက်" "လူငယ်နှင့်စာရိတ္တ" "လူငယ်နှင့်ပညာရေး" စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အထက်တန်းအဆင့် ကျောင်းသား/သူမ်ား က သိရှိလိုသည်များအား မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြသည်။

ယင်းနောက် လူငယ်စကားဝိုင်း၌ ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ် မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားအပြီးတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များအား ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)