ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်

ရန်ကုန်      သြဂုတ်      ၁၃

လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ်အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ထူချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်းစသည်ဖြင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူးဦးကျော်စိုးအောင်က ကျန်းမာရေးကောင်းမွန်စေရန် လေ့လာလိုက်စားရမည့် အားကစားနည်းများနှင့် နေ့စဥ်ကိုယ်လက်လှုပ်ရှားဆောင်ရွက်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေထိုင်နည်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ ရရှိစေရန်အတွက် နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်းစသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊ စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)