မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

မောက်မယ် သြဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။ ရှေးဦးစွာ လွိုင်လင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုအလိုက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရှိသည့်တောင်သူများကိုသာ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးသော ကျေးရွာအသီးသီးမှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မောက်မယ်မြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ(၅)အုပ်စုမှ စိုက်ပျိုးဧက(၆၈၄)ဧက၊ တောင်သူ(၁၀၄)ဦးအား တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေစုစုပေါင်းကျပ်သိန်း(၁၀၂၆)သိန်းအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဝန်ထမ်းများက တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)