ဆီဆိုင် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်အပြင် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က နောင်မွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက “လူငယ်များဘဝဖွံ့ဖြိုးဖို့ စာဖတ်ခြင်းဖြင့် မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ အလားတူ ဘန်းယဉ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း လူငယ်ရေးရာ အသိပညာပေး ဟောပြောကို ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)