ပူတာအိုရေခဲတောင်ဒေသထွက် ရှီးပတီးရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လှမ်းမှ အပိုဝင်ငွေရရှိ

ပူတာအို  ဂုတ်  ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့်ပင် လယ်ရေမျက်နှာပြင် အမြင့်ပေ တစ်သောင်းအထက်တွင်သာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ရှာဖွေသည့် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပူတာအိုဒေသကာလပေါက်ဈေးအရ ရှီးပတီးတစ်ကောင်လျှင် အနည်းဆုံး ၆၅၀၀ကျပ်နှင့် အကောင်ကြီးလျှင် ၇၅၀၀ကျပ်၊ ၈၅၀၀ကျပ်၊ ၉၀၀၀ကျပ်နှင့် ၉၅၀၀ကျပ်အထိ ရောင်းဝယ်လျက်ရှိပြီး ပူတာအို ဒေသထွက် ရှီးပတီးများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ အများဆုံးမှာယူကြသဖြင့် ကား၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးနေရကြောင်း အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်သူ ဆရာအောင်သိန်းထွေးထံမှ သိရသည်။

ယင်းရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ကို ရေခဲတောင်များဖုံးလွမ်းသည့် ဖုန်ကန်ရာဇီ၊ဂန်လန်ရာဇီ၊မသွယ် ရေခဲတောင်နှင့် ခါကာဘိုရာဇီ ရေခဲတောင်ဒေသများတွင် သွားရောက်ရှာဖွေကြရခြင်းဖြစ်ပြီး ယခင်နှစ်များတွင် လူဦးရေအယောက် ၂၀၀၀ ခန့်သာ ရှာဖွေခဲ့ရာမှ ယခုနှစ်တွင် အဆိုပါ ရေခဲတောင်များတွင် ရှီးပတီးရှာဖွေသူ လူဦးရေ အယောက် နှစ်သောင်းဝန်းကျင်ခန့် တက်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ဆေးဖက်ဝင် ရှီပတီး(ခေါ်)ပိုးဆေးနွယ်ရှင် ရှာဖွေနိုင်ရန်အတွက် ဧပြီလနှင့်မေလများတွင် တောင်ပေါ် ရေခဲအစပ်နှင့်ရေခဲတောင်သို့ ခက်ခက်ခဲခဲ ရိက္ခာစုဆောင်းပို့ဆောင်နေရပြီး ရေခဲများအရည်ပျော်သည့် ဇွန်၊ ဇူလိုင်၊ဂုတ် စသည့် မိုးတွင်းကာလများတွင် သွားရောက်ရှာဖွေကြခြင်း ဖြစ်သည်။

အဆိုပါ ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင် အကောင်များကို ပျားရည်၊ ဦးရေနှင့် အခြားဆေးမြစ်ဆေးဥများ ရောစပ်ကာ ဆေးစိမ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အကောင်လိုက်သော်လည်းကောင်း အမျိုးမျိုး ရောင်းဝယ်လျက်ရှိရာ ကျန်းမာရေးအတွက် အကျိုးပြုသော ဆေးဖက်ဝင် တစ်မျိုးဖြစ်ခြင်းကြောင့် ပူတာအိုဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများက ဆေးအဖြစ် မှီဝဲရန်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်အဖြစ် ပေးကမ်းရန်လည်းကောင်း မပါမဖြစ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)