တာချီလိတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်း ပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကို ဩဂုတ်လ ၁၁ ရက် ညနေ ၃ နာရီက တာချီလိတ် မြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာကျောင်းပေါင်းစုံမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များ ကျောင်းသားအားစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်၍ အားကစားအပေါ် ချစ်မြတ်နိုးသည့်အလေ့အကျင့်များရရှိကာ အားကစားသမား အချင်းချင်း လည်း ချစ်ကြည်ရင်းနှီးမှုကို ရရှိမည်ဖြစ်ကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် အခြေခံပညာကျောင်းအဆင့်မှ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သည့် လက်ရွေးစင် အားကစား သမားများ ပေါ်ထွက်လာစေရန် မျှော်မှန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသားအားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဧည့်သည်တော်များက ကျောင်းသားအားကစား အဖွဲ့ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် ကျောင်းပေါင်းစုံ အသက် ၁၈ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် အ.ထ.က(မိုင်းကိုး)နှင့် အ.ထ.က(တာလေ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဘောလုံး၊ မီနီမာလသွန်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ကြက်တောင် စသည့်အားကစားနည်း ၆ မျိုးဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းပေါင်း ၁၈ ကျောင်းမှ အားကစားသမား စုစုပေါင်းအင်အား ၁၁၇၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)